Archive for the ‘ပို့စ်မော်ဒန် အက်ဆေး’ Category

လေတွင်ရေးသောဝါကျများ

Friday, October 9th, 2009

၁။ အခြေအနေအရ၊ မြင်နေရသော ကောင်းကင်တွင် မျှေလွင့်နေသော တိမ်စိုင်တိမ်သား တစ်ချို့ မှလွဲ၍၊ မိုး၏ အရိပ်အယောင်ကို မမြင်ရတော့၊ ကောင်းကင်မြင်ကွင်းက ကြည်လင်စွာ လှပ၍နေသည်။  နှင်းမှုန်ပါးပါးလေးများက သည်ဆောင်းဦးရဲ့ ခြေသံလေများလား။ သစ်ရွက်တစ်ချို့ ကြွေသက် လှုပ်ခပ်အောင် တိုက်ခတ်နိုင်စွမ်းသော လေပြေငယ်၊ ငါ့ရင်ကို ရေကြည်တစ်ပေါက် ဆောင်ကြဉ်းခဲ့စမ်းပါကွယ်။ ထိုင်းမိုင်းမူးဝေနေသော ငါ့နှလုံးသားကို လင်း လက်အောင် ပြုစုပေးလှည့်ပါ။

(more…)

Popularity: 16%

Rating 3.00 out of 5

လွတ်ကျသွားသော နေ့စွဲများအကြောင်း

Sunday, August 2nd, 2009

ဒီပို့စ်ကို ဖတ်ခြင်းဖြင့် တစ်ခုခုကို သင်မျှော်လင့်ခဲ့လျင် သင်၏ မျှော်လင့်ချက်သည် မှားယွင်းမှုတစ်ခုသာဖြစ်ကြောင်း ကြိုတင်၍ အသိပေးပါသည်။

ကျွန်တော်က ဆရာဇော်ဇော်အောင် ပြောသည့် အက်ဆေးဝါဒဖြင့် စာတစ်ပုဒ်စမ်းသပ်ရေးကြည့်ရန် ကျိုးစားကြည့်နေသည်ဟု ပြောပါမည်။

အစ = နေသားတကျဖြစ်နေသော အဆင်မပြေမှုတစ်ချို့ကို ခဏမေ့ထား၍ တဒင်္ဂပျော်ရွှင်မှုကို ရှာဖွေတတ်သည်မှာ လူသား၏ သဘာဝတစ်ခုပင်ဖြစ်သည်ဟု ကျွန်တော်ပြောသောအခါ ကောင်မလေးများအတွက် အပျော်ဖတ်ဝတ္ထုတစ်ပုဒ်လောက်ပင် ဆွဲဆောင်မှုရှိမည်မဟုတ်ပါ။ (လောင်းလိုက လောင်းနိုင်ပါသည်)

အလယ်= ထိုရက်များအတွင်း သင်သည် မိုက်ကယ်ဂျက်ဆင်ကွယ်လွန်တဲ့ အကြောင်း အရေးကြီးဟန်ဆောင်၍ ပြောချင်ပြောနေမည်။ မာရီယာကာရေး၊ လင်ဆေးလိုဟန်၊ ဂျနှီဖာလိုပက်တို့လည်း ပါချင်ပါလိမ့်မည်။ သေချာသည်ကတော့ သင်ဟာ လူငယ်တစ်ယောက်ဖြစ်ခဲ့လျင် လောလောဆယ် လူကြိုက်များနေသော မိုးယုစံ အကြောင်းလည်း တစ်ခါတစ်ရံ တွေးမိကောင်းတွေးမိပါလိမ့်မည်။ လူသည် ပြဿနာမကင်းကောင်းဟူ၍ မည်သည့်စာအုပ်တွင်မှ မဖတ်ဖူးပါ၊ သို့သော် အလားတူအဓိပ္ပါယ်ရှိသော စာပိုဒ်မျိုးကိုကား ဖတ်ဖူးသလား မမှတ်မိတော့ပါ။ ကျွန်တော့်အတွေးထဲသို့ ဤစာရေးနေစဉ်အတွင်း ၀င်ရောက်လာသော အတွေးတစ်ခုကို ကိုယ့်ဘာသာ ထောက်ခံမဲပေးလိုက်သည်။ ဘ၀တွင် မည်သည့်အရာများက အခရာကျသည်ဟု ဆရာကြီးလေသံဖြင့် အော်ပြောနေရုံနှင့် ကျွန်တော်အသံကို ခင်ဗျားကြားလိမ့်မည် မဟုတ်ပါ။ သင်၏ခေါင်းထဲတွင် သင့်ကိုယ်ပိုင်သတ်မှတ်ချက်တစ်ခုကို ပတ်ဝန်းကျင်၏ အကူအညီဖြင့် ပုံသေရိုက်နှိပ်ထားပြီးသား ဖြစ်သည်။ သင်သတ်မှတ်ထားသောစံနှင့် သင်ပြုမူနေသောစံ လွဲချော်နေသည့်တိုင် သင်သည် လူသားဆန်စွာ သင့်ကိုယ်သင် ဖြေသိမ့်နိုင်ရန် အကြောင်းပြချက်တစ်ခုကို အဆင့်သင့် ရှာဖွေထားပြီးသား ဖြစ်ကောင်းဖြစ်နေလိမ့်မည်။ သင့်မိတ်ဆွေများနှင့်စကားပြောသည့်အခါ  သင်ကြားဖူးနားဝရှိသော အရာများကိုလည်း သင်တကယ်ကြုံတွေ့ခဲ့သလို ခပ်တည်တည်ဖြင့် ဖြီးဖျန်းနိုင်ပါသည်။ ထိုတွင်မက စာအုပ်တစ်ချို့ထဲမှ ရွတ်ဆို၍ကောင်းသော စာပိုဒ်တစ်ချို့ကိုလည်း အလွတ်ကျက်ကာ သင့်ကို အသိဉာဏ်ပြည့်ဝသူအဖြစ် အများက သိရှိစေရန် ရွတ်ပြလိုက ရွတ်ပြနိုင်ပါသေးသည်။ သင်၏စိတ်တွင် လုပ်သင့်သည်နှင့် လုပ်ချင်သည်များက သင့်ရည်ရွယ်ရာကို မှုန်ဝါးအောင် အမြဲတစေ လိုက်လံတွယ်ကပ်နေ ပေလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် သင့်လိုအင်ဆန္ဒများ၏ သားကောင်ပင်ဖြစ်သည်။ သင်၏အတွေးအခေါ်သည် သင်၏မှန်ကန်မှု ဖြစ်သည်၊ မည်သူက မည်သို့ပင်ဆိုစေကာ သင်သည် သင်၏ဗီဇကို လွယ်လွယ်နှင့် ကျော်လွားနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် ဆန့်ကျင်ဘက် ခံစားမှုများနှင့်ကြုံတွေ့ရသည့်အခါ သင်၏ ပင်ကိုယ်ဗီဇသည် အလွယ်တကူ ပေါ်လာပေလိမ့်မည်။

အဆုံး= လူသည် မျှော်လင့်ချက်ဖြင့် အသက်ရှင်သည်ဆိုသော စကားအတိုင်း သင်သည်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်ကို ဘာမှန်းမသိပဲ မျှော်လင့်နေပါလိမ့်မည်။ အခြေအနေကိုလိုက်၍ သင်၏မျှော်လင့်ချက်သည် အမျိုးမျိုး ပြောင်းလဲနေမည်ဖြစ်သည်။ ပျက်ပြယ်သွားသော မျှော်လင့်ခြင်းများ၏ လစ်လပ်သွားသောနေရာတွင် အသစ်အသစ်သော မျှော်လင့်ချက်များက သင်မဖိတ်ခေါ်သော်လည်း အလိုအလျောက် ၀င်ရောက်လာပါ လိမ့်မည်။

ကျွန်တော်ပြောချင်သော စကားများသည် အထက်ဖေါ်ပြပါ စကားများ မဟုတ်ကြောင်းကို မည်သည့်အရာနှင့် သက်သေပြဖို့ လိုအပ်ပါသလဲ၊ လောလောဆယ် အတောင့်တဆုံးသော အရာမှာ အေးစုမွန်၏ အနမ်းဖြစ်ကြောင်းကိုတော့ ဘာနှင့်မျှ သက်သေပြ၍ ရမည်မထင်ပေ။ ဤသို့ဖြင့် နေသည် အရှေ့ဟုအမည်ပေးထားသော အရပ်မှ အနောက်ဟုအမည်ရသော အရပ်သို့ သွားခြင်းအလုပ်ကို မည်သူမျှမခိုင်းသော်လည်း သူ့ဘာသာ မပျင်းမရိ လုပ်နေမည် ဖြစ်သည်။ ထုံးစံအတိုင်း ရွက်ဟောင်းများ၏ နေရာတွင် ရွက်သစ်တစ်ချို့က အလိုအလျောက် ၀င်ရောက်ဖြည့်ဆည်းပေးပါလိမ့်မည်။ အချိန်ကာလတစ်ချို့ကိုတော့ သည်းခံစောင့်ဆိုင်းဖို့လိုမည်။ ပြောစရာများ ပြောချင်သည်များ အများအပြား ကျန်နေသေးသော်လည်း ဆက်ရေးရမှာ ပျင်းရိလာသောကြောင့်လည်းကောင်း၊ ကျွန်တော်လို ငမွားတစ်ကောင်၏ စာကို မည်သူမျှ အရေးတယူ ဖတ်မည်မဟုတ်သောကြောင့်လည်းကောင်း ဤမျှဖြင့်ရပ်နားလိုက်ရပါသည်။ ခေါင်းစဉ်နှင့် စာကိုယ်သည် မည်သို့မျှ မကိုက်ညီပါ၊ ထိုသို့ဖြစ်နေခြင်းသည်ပင် ကျွန်တော်၏ လွဲမှားသော ဘ၀အဓိပ္ပါယ် ဖြစ်ပါသည်။

Popularity: 9%

Rating 3.00 out of 5

Plugintaylor.com

Sponsored Listings