တူညီသောလားရာ

လူနှင့် တိရစ္ဆာန်တို့၏ ခြားနားချက်မှာ လူသည် တိရစ္ဆာန်ထက် အသိဥာဏ်အရာ ပိုသာသောကြောင့်ဟု ပညာရှင် အများအပြား အတည်ပြုကြပြီး ဖြစ်သည်။ ကျွန်တော့်အနေဖြင့် ပြောရလျှင် လူသည် တိရစ္ဆာန်များကဲ့သို့  အိပ်၊ စား၊ ကာမမျှဖြင့် ဘဝကို မရောင့်ရဲတတ်ခြင်းသည်ပင် လူနှင့် တိရစ္ဆာန်များ အကြား ကြီးစွာသော ခြားနားချက် ဖြစ်လာခဲ့သည်ဟု ဆိုချင်ပါသည်။

လူတို့သည် လက်ရှိအခြေအနေကို ကျေနပ်တင်းတိမ်နိုင်ခဲသော သတ္တဝါမျိုး ဖြစ်သည်။ လက်ရှိအခြေအနေထက် ပိုကောင်းသော အရသာ၊ ပိုကောင်းသော အသုံးအဆောင်၊ ပိုကောင်းသော အနေအထိုင် စသည်တို့ကို ရှာဖွေ ဖန်တီး တည်ဆောက်ရင်းဖြင့် ခေတ်အဆက်ဆက်ကို ဖြတ်ကျော်လာခဲ့ကြသည်။ ထို ပိုကောင်းသော ဘဝကို ပိုင်ဆိုင်လိုသော လူသား၏ အာသီသကြောင့်ပင် ကျွန်တော်တို့ နေထိုင်သော ကမ္ဘာကြီးသည် ယနေ့အချိန်တွင် ယနေ့ အခြေအနေသို့ ဆိုက်ရောက်နေရပေသည်။

ကမ္ဘာကြီးနှင့် ပတ်သက်၍ ကျွန်တော်၏ အမြင်မှာ ယနေ့ကမ္ဘာသည် ဆန့်ကျင်ဘက် အလှတို့ဖြင့် အစွမ်းကုန် ဖူးပွင့်နေသည်ဟု ဆိုချင်ပါသည်၊ တဖက်က စက်မှုနည်းပညာသည် အလွန်လျင်မြန်သော အရှိန်ဖြင့် တဟုန်ထိုး တိုးတက်နေသကဲ့သို့ တဖက်ကလည်း အိုဇုန်းလွှာ အပေါက်အပြဲစသော ပြဿနာများအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေကြရသည်။ မမြင်ဖူး၊ မသိဖူး၊ မကြားဖူးသည်များ လျှပ်ပြက်သလို ပေါ်လာပြီး အိပ်မက်လိုလို ပြန်ပျောက်ကွယ် သွားကြသည်၊  အံ့သြစရာတွေများလွန်းသောကြောင့် အံ့သြစရာတွေ မရှိတော့၊ မနေ့ကသည် ဒီနေ့အတွက် သမိုင်း ဖြစ်သွားပြီ ဖြစ်သည်။ သို့ကြောင့်ပင် တစ်ချို့   ပညာရှင်တို့က ယနေ့ခေတ်ကို (age of unthinkable) မစဉ်းစား မတွေးခေါ်နိုင်သော ခေတ်ဟူ၍ ဖွင့်ဆိုလာကြသည်။ နိယာမသဘောအရ ပြောရလျှင် အကောင်း အဆိုး စသော ဆန့်ကျင်ဘက် သဘောတို့သည် အမြဲတစေ ဒွန်တွဲနေသည်ဖြစ်၍ ကျွန်တော်တို့ အနေဖြင့် ကျွန်တော်တို့ ဘဝနှင့် ကျွန်တော်တို့ နေထိုင်သော ကမ္ဘာကြီးကို အကောင်းချည်း သက်သက် မျှော်လင့်၍ မဖြစ်နိုင်ပါ၊ ကျွန်တော်တို့တွင် မျက်စိနှစ်လုံးပါသောကြောင့် နှစ်လုံးစလုံးဖြင့် မြင်တတ်ရပါမည်၊ ထို့အတူ နားနှစ်ဖက်ပါသောကြောင့် နှစ်ဖက်စလုံးဖြင့် ကြားတတ်ရပါမည်။

ယခုတလော နိုင်ငံရေး၊ စီးပွားရေးနှင့် ဘာသာရေး နယ်ပယ် အသီးသီးတို့တွင် “ဘုံတူညီချက်” ဟူသော စကားလုံးတစ်လုံး ရေပန်းစားလျက် ရှိသည်၊ ယင်းစကားလုံး၏ အဓိပ္ပါယ်မှာ သူ့နယ်ပယ်အလိုက် လူတစ်ဦးနှင့် တစ်ဦး (သို့မဟုတ်) တစ်ဖွဲ့နှင့် တစ်ဖွဲ့ “ဘယ်ဟာကွဲသလဲ” ဆိုသည်ကို မကြည့်ပဲ “ဘယ်ဟာတူသလဲ” ဆိုသည်ကို မရအရ ရှာဖွေ၍ နှစ်ဖက် အကျိုးရှိရာကို ပူးပေါင်း ဆောင်ရွက်ရန် ဟူ၍ ဖြစ်သည်။ မြန်မာစကားပုံအရဆိုလျှင် “ရှဥ့်လည်းလျှောက်သာ၊ ပျားလည်း စွဲသာ” ဟုဆိုရမည် ထင်သည်။ အနောက်တိုင်း အလိုအရမူ “win win theory” (သို့မဟုတ်) web party thinking ဟုခေါ်ဆိုရမည် ဖြစ်သည်။ ကျွန်တော်တို့ ယခုအသုံးပြုနေသော အင်တာနက်ကြီး ရှိနေတာကိုက “ငါတို့ ပူးပေါင်း လုပ်ဆောင်၍ ရပါလား” ဟူသော အသိကို ပေးသည်ဟု ဆိုပါသည်။ လူတို့သည် ပေါင်းစည်းမှု၏ အားကို ရှေးကထက် ပို၍ အသုံးချလာကြသည်၊ ဤသည်ပင် လောကအတွက် အနည်းငယ် အားတက်စရာဟု ဆိုနိုင်ပါသည်၊ “အကြံတူ ရန်သူ” ဟူသော အတွေးအခေါ်ကို ယနေ့လူတို့ မြောင်းပုပ်ထဲ လွင့်ပစ်ခဲ့ကြပြီ ဖြစ်သည်။

စင်စစ်အားဖြင့် လူသားတို့တွင် “ဘုံတူညီချက်” ဟူသော စကားလုံး မပေါ်ပေါက်မီကပင်၊ ၄င်း “ဘုံတူညီချက်” က ရှိပြီးဖြစ်သည်။ လူသားတိုင်း ရုပ်ပစ္စည်း ချမ်းသာချင်ကြသလို စိတ်လည်း ချမ်းသာချင်ကြသည်ချည်း ဖြစ်သည်၊ ထိုချမ်းသာခြင်း နှစ်ခုသည် လူသားအားလုံး တောင့်တသော “ဘုံတူညီချက်” ပင် ဖြစ်သည်။ ရုပ်နဲ့ စိတ် မည်သည်က ပို၍ အရေးပါသနည်းဟု မပြောလိုပါ၊ သေချာတာတစ်ခုကို ပြောရလျှင် ယနေ့ခေတ်ကာလတွင် သာမန်လူတစ်ယောက်အဖို့  ရုပ်ပစ္စည်း အသင့်အတင့် မရှိပါပဲလျက် စိတ်ချမ်းသာနိုင်ဖို့ ဆိုသည်မှာ တော်တော်တန်တန် မလွယ်ကူလှသော ကိစ္စတစ်ခုပင် ဖြစ်သည်။ နောက်တစ်ဖန် လူတို့ ကျူးလွန်သော ဒုစရိုက် ပြစ်မှုများကို လေ့လာကြည့်ပါက တစ်ချို့   မှာ စိတ်ကြောင့် ဖြစ်သည်ကို တွေ့မြင်နိုင်သလို၊ တစ်ချို့  မှာ ရုပ်ကြောင့်ဟု မြင်တွေ့ကြရပါမည်။ တကယ်တွင် စိတ်နဲ့ ရုပ်သည်လည်း ခွဲ၍ မရစကောင်းသော ဒွန်သဘောပင် ဖြစ်ပါသည်။

အရှေ့  နှင့် အနောက် နှိုင်းယှဉ်ပါက အရှေ့က စိတ်ချမ်းသာမှုကို အရင်တွေ့၍ အနောက်သားများက ရုပ်ချမ်းသာမှုကို အရင်တွေ့သည်ဟု အဆိုရှိသည်၊ သို့သော် သမိုင်းတစ်ကွေ့ကို လည်ပြန်ကြည့်လျှင် စစ်ပွဲတို့မှာ သူမသာ ကိုယ်မသာ မျှသာ ဖြစ်ပါသည်၊ ထိုသို့ဆိုလျှင် အရှေ့  က ဦးစွာတွေ့သည်ဆိုသော စိတ်ချမ်းသာမှုမှာ နည်းလမ်းကိုသာ တွေ့၍ အသုံးချမှု အဆင့် နည်းပါးခဲ့သည်ဟု ဆိုနိုင်ပါသည်။ အမှန်တကယ် အားဖြင့် စိတ်ချမ်းသာဖို့ ဆိုသည်မှာ ရုပ်ချမ်းသာမှုထက် ပို၍ ခဲယဉ်းပါသည်။ စိတ်ချမ်းသာမှု အစစ်အမှန်ကို လောကမှ လွန်မြောက်ပြီးသော သူတော်စဉ်တို့သာ အပြည့်အဝ ရနိုင်ပေသည်၊ လောကတွင်းရှိ သာမန်လူသား များစွာတို့မှာ အကန့် အသတ်ဖြင့်သာ ရနိုင်သော အရာ ဖြစ်ပါသည်။

သို့သော်လည်း လူတို့သည် မျှော်လင့်စရာရှိသည်ကို မျှော်လင့်ကြမြဲ ဖြစ်ပါသည်၊ ခေတ်အဆက်ဆက် ပညာရှင် အားလုံးလိုလိုပင် လူသားထုတစ်ရပ်လုံး ကောင်းစားရေး၊ ကမ္ဘာကြီး တစ်ခုလုံး ငြိမ်းချမ်းရေးကို လိုလားမျှော်လင့်ခဲ့ကြသည်မှာ သံသယဖြစ်ဖွယ် မရှိပါ၊ ၄င်းတို့ ရေးသားချက်များ၊ ဟောပြောချက်များကို ကြည့်၍ သိနိုင်သည်။ သို့သော် လုံးဝဥဿုံ ပြီးပြည့်စုံ၍ ငြိမ်းချမ်းသော ကမ္ဘာဟူ၍ မည်သည့်အခါကမျှ မရှိခဲ့ဖူးသလို၊ နောင်လည်း မည်သည့်အခါမျှ ရှိလာလိမ့်မည် မဟုတ်ပေ။ အကောင်းချည်း သက်သက် ကမ္ဘာဟူ၍ စဉ်းစားကြည့်၍ပင် မရပါ။ ပညာရှင်တို့ ထိုအချက်ကို မသိသောကြောင့် စိတ်ကူးယဉ်ခဲ့ကြခြင်း၊ စိတ်ကူးယဉ်နေကြခြင်း ဖြစ်သည်ဟု မဆိုလိုပါ၊ သူတို့သည် ကျွန်တော်တို့ထက် လောက သဘောကို များစွာ ပို၍ သိပါသည်၊ ထိုသို့ သိသောကြောင့် လောကတွင် ရှိနေသော အကောင်းတရားတို့ ကွယ်ပျောက်၍ အဆိုးတရားတွေ လွှမ်းမလာအောင် လူသားများ အနေဖြင့် အကောင်းကို ကာကွယ်ဖို့ တာဝန်ကိုယ်စီ ရှိကြသည်၊ ထို အကောင်းတရားတို့ကို ကာကွယ်ကြဟု ဆုံးမခဲ့ကြသည်၊ ဆုံးမနေကြသည် ဟု မှတ်ယူရပါမည်။

အချုပ်ဆိုရသော် ယနေ့လူသားများသည် “တူညီသော လားရာ” ကို ကိုယ်စီ ရှာဖွေနေကြသည်၊ ချဉ်းကပ်ပုံ တူညီသည်လည်း ရှိသည်၊ ကွဲပြားသည်လည်း ရှိသည်၊ တစ်ချို့  မှာ ပူးပေါင်း၍၊ တစ်ချို့  မှာ ခွာပြဲကြသည်။ မည်သို့ ဖြစ်စေ တစ်သီးစား စိတ်ဓာတ်ဖြင့် အပင်ကို ခုတ်လှဲတတ်သော လူစားမျိုးတို့ နည်းနေသေးသောကြောင့် ကမ္ဘာလောကအတွက် အခြေအနေသည် ထင်သလောက် မဆိုးသေးဟု ယူဆမိပါတော့သည်။

Popularity: 63%

Rating 4.00 out of 5

1 Comment so far:
  •   December 1, 2009 - မိုးထက်အိမ် Says:

    ဆုံးမနေကြသည် ဟု မှတ်ယူရပါမည်။
    ဆိုတာလေးကို သဘောကျတယ်…. :)

One Response to “တူညီသောလားရာ”




By submitting a comment here you grant nyiminkha a perpetual license to reproduce your words and name/web site in attribution. Inappropriate comments will be removed at admin's discretion.

Plugintaylor.com

Sponsored Listings