စိတ်ကူးလွန်ခေတ်၊ လက်တွေ့ကြည့်ဝါဒနှင့် ပညာစီးကြောင်း(၂)
လက်တွေ့ကြည့်ဝါဒဆိုသော်လည်း စင်စစ်အားဖြင့် လက်တွေ့ကမ္ဘာ့ရေးရာ၊ လက်တွေ့နိုင်ငံရေးတို့မှ စတင်ပေါ်ပေါက်ခဲ့သည် မဟုတ်။ ဒဿနပညာရှင် ၀ီလျှံဂျိမ်းဒီဝေးနှင့် မီနန်တို့က ဒဿနတစ်ပါးအနေဖြင့် ဖော်ထုတ်ခဲ့ကြသည်ဟုဆိုသည်။ လက်တွေ့အသုံးဝင်လျှင် မှန်သည်ဟု ဆိုသူက ဆိုသည်။ အသုံးဝင်တိုင်းမှန်ချင်မှမှန်သည်ဟုလည်း ဆိုသူက ဆိုကြပြန်သည။် မှတ်သားစရာကောင်းသည်က အိုင်ဒီယာတစ်ခုသည် ခက်ရင်း fork နှင့် တူသည်။ ခက်ရင်းနှင့် စွပ်ပြုတ်သောက်ကြည့်သည်။ အဆင်မပြေတော့ ခက်ရင်းကိုချပြီး ဇွန်းနဲ့သောက်ပါသည်။ အိုင်ဒီယာတို့ဆိုသည်မှာ လောကကြီးနှင့် ဆက်ဆံဖြေရှင်းရာတွင် အသုံးပြုဖို့ ကိရိယာများသာများသာ ဖြစ်သည်ဟု ဒီဝေးကပြောသည်။ လက်တွေ့ကြည့်ဝါဒသည် လောဂျစ်နည်းဖြင့် ပြောရလျှင် တံခါးအရှင် ဖွင့်ထားသော open form ဖြစ်သည်။ လက်တွေ့အကျိုးကို ကြည့်ပြီး ရွေးချယ်စရာ မှန်သမျှကို အကုန်တံခါးဖွင့်ထားသည်ဟု ဆိုလိုသည်။ ယခုအခါ အမေရိကန်၌ ယင်းလက်တွေ့ကြည့်ဝါဒသည် neo-positivism နှင့် ဓမ္မရေးရာဝါဒတို့ကို နေရာဖယ်ပေးလိုက်ရပြီဟု ဆိုသည်။ နီယိုပေါ့စတစ်ဝါဒက အချက်အလက်တို့ကို အစစ်အမှန် ဖော်ပြခြင်း pure description of facts အလုပ်ကိုသာ လုပ်ရမည်ဟု ဆိုသည်။
ဒဿနက ကိုယ်ဖန်ဆင်းသော ပဟေဠိတို့ဖြင့် အလုပ်ရှုပ်နေစဉ် သိပ္ပံပညာက ဒဿနကို ကိရိယာအဖြစ် အသုံးပြု၍ ကမ္ဘာကြီးကို ပုံသဏ္ဍာန်ပြောင်းပြစ်နေသည်ဟု ဆိုသည်။ ဉာဏ်ပညာအကြောင်း အနည်းငယ် ဆက်ပြောချင်သည်။ ကျွန်တော်တို့ ပညာ ပညာနှင့် ဘာကြောင့် ပြောနေရသနည်းဟု မေးလာပါက ခေတ်တိုင်းတွင် ပညာသည်သာ မရှိမဖြစ် အရင်းအမြစ်ဖြစ်သောကြောင့် ဖြစ်ပါသည်။ BC ၄၀၀ ခန့်က ပလေတိုတို့ ခေတ်တွင် မိမိကိုယ်ကို မိအောင် လုပ်ခြင်း self knowedge ဖြင့် ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ရမည်ဟု ပြောခဲ့သည်။ ကျွန်တော့် ဘာတွေသိ ဘယ်လိုသိဖြင့်သာ ပညာအဓိပ္ပါယ်ကို ပြောဆိုခဲ့ကြသည်။ ပလေတို ဆိုကရေးတီးတို့နှင့် ဆန့်ကျင်ဘက် ပိုက်သာဂိုရပ်စ်တို့ကတော့ လူတစ်ယောက်ကို လုပ်ပုံ ကိုင်ပုံထိရောက်အောင် ဘာကို ဘယ်လိုပြောရမည် ဘယ်လို ညွန်ပြရမည်ဆိုတာကို ပညာဟု ဖွင့်ပြပြန်သည်။ ခေတ်ပြိုင်ခေတ်မှာပင် အရှေ့က ကွန်းဖြူးရှပ်မှလည်း ပညာဆိုသည်မှာ ဘာကို ဘယ်လို ပြောရမည်ဟု သိရန်ကိုသာ ပညာဟု ဆိုပြန်သည်။ ထိုအချိန်က အရှေ့ရော အနောက်ပါ ပညာဆိုသည်မှာ လုပ်တတ် ကိုင်တတ်ခြင်းနှင့် မဆိုင် အသုံးချခြင်း Utility နှင့်မဆိုင်ဟု လက်ခံခဲ့ကြသည်။ အသုံးချခြင်း အသုံးဝင်ခြင်းသည် ပညာမဟုတ်။ ကျွမ်းကျင်မှုသာဟု ဆိုကြသည်။
ကွန်ဖြူးရှပ်တို့က စာကြီးပေကြီးမှ လွှဲ၍ ကျန်သည့်ကိစ္စများကို မလေးစားကြသော်လည်း ဆိုကရေးတီးနှင့် ပိုက်သာဂိုရပ်တို့က တက္ကနိကို လေးစားကြသည်ဟု ဆိုသည်။ ယခုတိုင် အနောက်၏ အနောက်သို့ ပြေးလိုက်နေရသည်မှာ ကွန်ဖြူးရှပ်နှင့် တာအို၊ ဇင်ဘုန်းတော်ကြီးများ၏ သြဇာကြောင့် များလားဟု ထင်မိပါသည်။ တက္ကနိကို ပညာမဟုတ်ဟု ယူဆသည်မှာ အရင်က တက္ကနိကို ယေဘုယျပြု၍ မရသောကြောင့်ဟု ဆိုသည်။ တက္ကနိလိုလျှင် တတ်သူ၏ အောက်၌ အလုပ်သင်လုပ်ရသည်။ တက္ကနိကို စကားလုံးများဖြင့် ရှင်းပြလို့ မရ။ သက်သေ ထင်ရှားပြရသည်။ သက္ကရာဇ် ၁၇၀၀ ထိ အင်္ဂလိပ်များက တက္ကနိကို လျှို့ဝှက်ထားခဲ့ကြသည်။ ၁၇၀၀ အလွန်တွင်မှ ပညာကို စက်ကိရိယာများနှင့် တွဲသုံးသော စက်မှုတော်လှန်ရေး ဖြစ်လာသည်။ ယင်းခေတ်၌ လူတန်းစားများ လူတန်းစားတိုက်ပွဲများ ပေါ်လာသည်။ ၁၈၈၀ ခုနှစ်ခန့်မှ စတင်၍ ဒုတိယကမ္ဘာစစ်ပြီးသည် အထိ ပညာကို အလုပ်လုပ်ပုံ ကိုင်ပုံတို့နှင့် တွဲသုံးသောကြောင့် ထုတ်လုပ်မှုစွမ်းအား တော်လှန်ရေးဆိုသည်တို့ ပေါ်ပေါက်ခဲ့ပြန်သည်။ ယင်းတော်လှန်ရေးကြောင့် ကျောမွဲများ ၀င်ငွေ ပိုရလာကြသည်။ ယင်းတော်လှန်ရေး ဖြစ်ထွန်းသည့် နိုင်ငံတို့၌ လူတန်းစားတိုက်ပွဲဆိုသည်တို့ မရှိတော့။ ကွန်မြူနစ်စံနစ် နိဂုံးချုပ်သွားသည်။ ဒုတိယကမ္ဘာစစ်ပြီးသည်မှ ယခုအထိကို စီမံခန့်ခွဲမှု တော်လှန်ရေးဟု သုံးသည်။
နောက်ပို့စ်ကို ဆက်ဖတ်ပါရန်
Popularity: 57%
No Responses to “စိတ်ကူးလွန်ခေတ်၊ လက်တွေ့ကြည့်ဝါဒနှင့် ပညာစီးကြောင်း(၂)”