စာရေးခြင်း အကြောင်း

ခုတလော ဘလော့ရေးခြင်းနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကို အမြဲတမ်းလိုလို ပြန်မေးနေမိတာတွေ ရှိတယ်၊ “မင်း ဘာကြောင့် ဘလော့ရေးနေလဲ” “မင်းရေးတာတွေက သူများတွေလိုလည်း ဖတ်လို့  မကောင်းဘူး” “ဖလော်လိုလို ဘာလိုလိုနဲ့ သူများတွေ သိပြီးသားတွေချည်း ရေးနေတယ်” “မင်း စာဖတ်လို့ ဘာမှလည်း အကျိုးရှိမှာ မဟုတ်ဘူး” စသည်။

(တစ်ခု ကြို၍ ပြောချင်သည်၊ ကျွန်တော်က ဘလော့ရေးခြင်းနှင့် စာရေးခြင်းကို တန်းတူထားပါသည်၊ ကွဲလွဲမှုများစွာ ရှိသော်လည်း ကျွန်တော်၏ ခံယူချက်မှာ အတူတူဟု သဘောထားပါသည်။ ထို့ကြောင့် ဘလော့ရေးခြင်းကို စာရေးခြင်းဟုသာ သုံးနှုန်းပါမည်။ တူညီမှု တစ်ခုကို ပြပါဆိုလျှင် ဝက်ဘ်ပေါ်မှာ ဘလော့ပဲ ရေးရေး၊ ပြင်ပမှာ စာပဲရေးရေး အနည်းဆုံး ရေးသူ ဖတ်သူ နှစ်ယောက်တော့ ရှိရပါသည်။)

ကျွန်တော် စာမရေးတတ်ကြောင်း ဝန်ခံပါသည်၊ ဒါဆို စာလည်း စုံအောင်ဖတ်ဖူးသလား ဆိုတော့ မဖတ်ဖူးပါ၊ သို့သော် စာရေးချင်စိတ်က ဘာကြောင့် ဝင်ဝင်လာမှန်း မသိ၊ ကိုယ့်ကိုယ်ကို ပြန်စဉ်းစား ကြည့်တော့လည်း “ရေးချင်လို့ ရေးသည်” ဟူသော အဖြေမှ လွဲ၍ ဘာမှ သဲသဲကွဲကွဲ မရှိခဲ့။ “ယားတတ်သူတစ်ယောက် အကြောင်း” ဆိုသော ဆောင်းပါး၌ ဆရာဝန်စာရေးဆရာ ကိုတာက သူ့ကို ခင်ဗျား ဘာလို့ စာရေးတာတုန်း လို့ မေးရင် “ကလေးကစားသလိုပါပဲ၊ ကလေးများဟာ ကစားချင်လို့ ကစားတယ်၊ ကျန်းမာရေးအသိနှင့် ကစားခြင်း မဟုတ်၊ ခန္ဓာကိုယ် သန်စွမ်းအောင် ကစားခြင်း မဟုတ်၊ ကစားရင် ကျန်းမာမည်၊ ကိုယ်ခန္ဓာသန်စွမ်းမည် ဆိုတာတွေက ပညာရှိတွေက လျှောက်စဉ်းစားလို့ ဖြစ်လာတာပါ၊ ပညာရှိတွေက ကစားပွဲရဲ့ စည်းကမ်းချက်တွေကိုလည်း သတ်မှတ်ကြမှာပါပဲ၊ ကလေးတွေကတော့ ကစားချင်လို့ ကစားတာပါ၊ ကစားခြင်းရဲ့ အကြောင်းကို လိုက်လံရှာဖွေရင် ကစားချင်တဲ့စိတ်ကိုပဲ တွေ့မှာပါပဲ” လို့ ပြန်ဖြေတယ်လို့ ပြောပါတယ်။ နောက်ဆရာက ဆက်ပြောပါသေးတယ်၊ “ကျွန်တော့်မှာ တစ်သမတ်တည်း ဖြစ်တဲ့ အယူဝါဒ ရှိနေတာ မဟုတ်ပါဘူး၊ ကျွန်တော်ဖတ်မိတဲ့ ဟာက စဉ်းစားစရာ တစ်ခုလို့ယူဆတဲ့အခါ၊ အဲဒီ စဉ်းစားစရာလေးကို အများလည်း စဉ်းစားချင်ရင် စဉ်းစားလို့ ရအောင် ရေးတာပါ၊ ကျွန်တော်က သူဖုန်းစားရဲ့ အင်္ကျီ မှာရှိနေတဲ့ သန်းတစ်ကောင်ပါ၊ ယားကျိကျိ ဖြစ်တာ ဇိမ်ရှိချင် ရှိမှာပေါ့၊ ဇိမ်ရှိရင်တော့ ထားလိုက်ပေါ့၊ အခံရခက်ရင်တော့ အင်္ကျီကို လှန်ပြီး သန်းကို ဖယ်သလို ကျွန်တော်ရေးတဲ့ စာထဲက အတွေးအခေါ်ကို ဖယ်ပစ်လိုက်ပေါ့” တဲ့။ ဆရာကိုတာ၏ စာရေးခြင်းအကြောင်းကို ဖတ်၍ ကျွန်တော် အနည်းငယ် အားတက်သွားသည်၊ ကိုယ့်လို အတွေးရှိတဲ့ စာရေးဆရာတွေ ရှိသေးသကိုးပေါ့။ နောက် ဆရာအံ့ ပြောသည်ကိုလည်း ဆက်ဖတ်ရသည်။ “ကျွန်တော်တို့ဟာ ရေချိုးခန်းထဲမှာ သီချင်းအော်ဆိုတဲ့ လူတွေလိုပါပဲဗျာ၊ ဆိုချင်စိတ်ရှိလို့ ဆိုလိုက်တာပါပဲ၊ နားထောင်သူအဖို့ ကောင်းချင်မှ ကောင်းမယ်၊ နှစ်မြို့စရာ ဖြစ်ချင်မှ ဖြစ်မယ်၊ အဲ ညည်းတဲ့အကျင့်ကတော့ ကျွန်တော်တို့မှာ ရှိနေပြီဗျ” ဟု ဆရာအံ့က စာရေးခြင်းကို ရေချိုးခန်းထဲ သီချင်းညည်းတဲ့ ပုံပမာ နှိုင်း၍ ပြောသွားတယ်။

ကျွန်တော်ကတော့ စာရေးခြင်းနဲ့ ပတ်သက်၍ ထိုဆရာများလို လှလှပပ အကြောင်းမပြတတ်၊ ကျွန်တော်၏ အတွေးတို့ကား ထိုဆရာများနှင့် ဆင်တူသည် ဟုသာ ပြောနိုင်ပါသည်။ ဆင်တူသည် ဆိုရာ၌လည်း ကျွန်တော့်ကိုယ် ကျွန်တော် ထိုဆရာများနှင့် နှိုင်းယှဉ်သည်ဟု မမှတ်ယူစေလိုပါ။ ကျွန်တော်ပြောချင်သော စကားများကို ထိုဆရာများ၏ စကားများဖြင့် ပြန်ပြောသည်ဟုသာ မှတ်ယူစေလိုပါသည်။

တစ်ချို့က “စာဖတ်ပရိတ်သတ်ကို တစ်ခုခုရစေချင်လို့” ဘာညာ ပြောတတ်ကြသည်၊ ကောင်းမွန်သော ဆန္ဒဟုသာ လက်ခံပါသည်၊ တစ်ချို့ကလည်း ကိုယ်တိုင် မသိနိုင်၊ မကျင့်နိုင်သည်ကို စာအုပ်ကြီးအားကိုးဖြင့် ဆရာလုပ်နေကြသည်လည်း တွေ့ရသည်၊ ထိုကိစ္စအတွက်လည်း ပြောစရာ မရှိပါ၊ လိုအပ်သူတို့အတွက် လိုအပ်နေသောကြောင့် ရှိသင့်၍ ရှိနေသည်ဟု လက်ခံပါသည်။ မြှောက်ပေးသူရှိမှ ပို၍ ကလို့ ကောင်းပါသည်၊ ကျွန်တော်ကတော့ ကလည်း မကတတ်၊ မြှောက်ပေးမည့်သူကိုလည်း မရှာ၊ ရှိလည်း မရှိ။ ကချင်စိတ်ရှိ၍သာ ကနေသည်၊ ပိုသိ၍ ကခြင်း မဟုတ်သလို၊ ပိုတတ်၍ ကခြင်းလည်း မဟုတ်။ သို့သော် ကျွန်တော်ကသော အခါ ကြိုးစားပမ်းစား ကပါသည်၊ ကပျက်ကချော် မကပါ၊ ခင်ဗျားတို့အတွက် ကြည့်လို့မကောင်းသော်လည်း ကျွန်တော့်ကို အကကျင့်နေသူ ဟုသာ နားလည်ပေးစေလိုပါသည်။ လက်ခုပ်သံ များကိုလည်း မမျှော်လင့်ရဲသေးပါ။

ဆရာကိုတာ၏ စကားဖြင့်ပင် နိဂုံးချုပ်ပါမည်၊ ကျွန်တော့်တွင် “လောကကြီး၏ ကမောက်ကမ ဖြစ်နေမှုကို တစ်ခါတစ်ရံ လှောင်တောင်တောင် ပြုချင်စိတ် ရှိနေတတ်သည်၊ သို့သော် သရော်စော်ကားလိုသော စိတ်မျိုးတော့ လုံးဝ လုံးဝ မရှိပါကြောင်း”

Popularity: 15%

Plugintaylor.com

Sponsored Listings