Posts Tagged ‘ရေးမိရေးရာ’

တူညီသောလားရာ

Wednesday, November 4th, 2009

လူနှင့် တိရစ္ဆာန်တို့၏ ခြားနားချက်မှာ လူသည် တိရစ္ဆာန်ထက် အသိဥာဏ်အရာ ပိုသာသောကြောင့်ဟု ပညာရှင် အများအပြား အတည်ပြုကြပြီး ဖြစ်သည်။ ကျွန်တော့်အနေဖြင့် ပြောရလျှင် လူသည် တိရစ္ဆာန်များကဲ့သို့  အိပ်၊ စား၊ ကာမမျှဖြင့် ဘဝကို မရောင့်ရဲတတ်ခြင်းသည်ပင် လူနှင့် တိရစ္ဆာန်များ အကြား ကြီးစွာသော ခြားနားချက် ဖြစ်လာခဲ့သည်ဟု ဆိုချင်ပါသည်။

လူတို့သည် လက်ရှိအခြေအနေကို ကျေနပ်တင်းတိမ်နိုင်ခဲသော သတ္တဝါမျိုး ဖြစ်သည်။ လက်ရှိအခြေအနေထက် ပိုကောင်းသော အရသာ၊ ပိုကောင်းသော အသုံးအဆောင်၊ ပိုကောင်းသော အနေအထိုင် စသည်တို့ကို ရှာဖွေ ဖန်တီး တည်ဆောက်ရင်းဖြင့် ခေတ်အဆက်ဆက်ကို ဖြတ်ကျော်လာခဲ့ကြသည်။ ထို ပိုကောင်းသော ဘဝကို ပိုင်ဆိုင်လိုသော လူသား၏ အာသီသကြောင့်ပင် ကျွန်တော်တို့ နေထိုင်သော ကမ္ဘာကြီးသည် ယနေ့အချိန်တွင် ယနေ့ အခြေအနေသို့ ဆိုက်ရောက်နေရပေသည်။

ကမ္ဘာကြီးနှင့် ပတ်သက်၍ ကျွန်တော်၏ အမြင်မှာ ယနေ့ကမ္ဘာသည် ဆန့်ကျင်ဘက် အလှတို့ဖြင့် အစွမ်းကုန် ဖူးပွင့်နေသည်ဟု ဆိုချင်ပါသည်၊ တဖက်က စက်မှုနည်းပညာသည် အလွန်လျင်မြန်သော အရှိန်ဖြင့် တဟုန်ထိုး တိုးတက်နေသကဲ့သို့ တဖက်ကလည်း အိုဇုန်းလွှာ အပေါက်အပြဲစသော ပြဿနာများအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေကြရသည်။ (more…)

Popularity: 63%

Rating 4.00 out of 5

လတ်တလော အခြေအနေ

Saturday, September 12th, 2009

ဘာလုပ်လုပ် အဆင်မပြေသလို ဘာမှမလုပ်လည်း အဆင်မပြေဘူး၊ အလားတူနေ့ရက်များစွာ ကြုံခဲဖူးသော်လည်း ယခုတိုင် နေသားမကျနိုင်သေးသည်မှာ မည်သည့် အကြောင်းကြောင့်ပါလဲ။

ပြောမဖြစ်သော စကားများစွာကို ကြိတ်မှိတ်မျိုသိပ်ရင်း အစာအိမ်တောင် အသားမာတက်လုပြီ၊ လိုချင်မှုရဲ့ အသံတွေကို မုန်းတတ်ချင်လာတယ်။ နားမဆံ့အောင် ကြားနေရသော စကားများစွာတို့က ကိုယ့်စိတ်ကို မီးထဲတွန်းချနေသောအခါ ကိုယ်၏ ဖြေဆည်ရာတို့ကား လ္ဘက်ရည်ဆိုင်ပင် ဖြစ်နေတတ်ခဲ့သည်၊ ဖြတ်သွားဖြတ်လာတို့က ကိုယ့်စိတ်ကို တဒင်္ဂတော့ ပြောင်းလဲစေနိုင်သည်လေ။ (သို့မဟုတ်) ပြောင်းလဲစေသည်လို့ ကိုယ့်ကိုယ်ကို လှည့်စားနိုင်သည်ပေါ့။

အရာရာကို ကိုယ့်အပြစ်လို့သာ ခံယူတတ်ခဲ့သည်ကြောင့် Depression တွေ ပိုတိုးလာရုံပဲ တတ်နိုင်ခဲ့တယ်။ အိမ်မက်ဟောင်းတစ်ချို့ ပိုးကိုက်ခံရပြီးသည့်နောက် အိမ်မက်သစ်များစွာက အညှောင့်တောင် မထွက်သေးခင်မှာ ယုံကြည်မှုတစ်ချို့ကပါ ကိုယ့်ကို စွန့်ခွါသွားခဲ့သည်မှာ အခါခါ။

သည်လို အခြေအနေမျိုးမှာ ကဗျာဆရာ မောင်ကြည်အေးရဲ့ “အိပ်ချိန်လေးပဲ ပျော်ရွှင်ဖူးပါတယ်” ဆိုသော စာသားကိုသာ အထပ်ထပ်ရွတ်ဆိုနေမိပေါ့၊ ဘဝမှာ အဖော်ဆိုလို့ စာအုပ်တစ်ချို့နဲ့ အဆင်မပြေမှု များသာ အများဆုံး ဖြစ်နေခဲ့သည်ပဲ။

ကိုယ့်တရားနဲ့ကိုယ် နေရအောင် ကိုယ့်မှာ တရားလည်း မရှိဘူး၊

ကိုယ့်ဓားနဲ့ကိုယ် နေရအောင်လည်း ကိုယ့်မှာ ဓားလည်းမရှိခဲ့ဘူး…ကောင်မလေးရယ်။

(၂၁)ရာစု Global လှိုင်း ရဲ့ ရိုက်ခတ်မှုထဲ ကိုယ့်ဝိဥာဉ်ပါ  လွင့်ပါသွားမလား ၊ အမှိုက်တွေ ကောက်ထည့်ရင်းနဲ့ ဦးခေါင်းဟာ လွင့်ပစ်ချင်စရာ ကောင်းလောက်အောင် လေးလံလာခဲ့ပြန်တယ်။ အိုဘားမားရဲ့ မိန့်ခွန်းက ကိုယ်အတွက်တော့  ဖတ်ကောင်းရုံသက်သက်ပါ၊ ချစ်သူရဲ့ အမည်နာမတော်လေးကို မည်သူမျှ မကြားအောင် ရွတ်ဆိုရခြင်းလောက်  အရသာမရှိခဲ့။ ဒီလိုနဲ့ ပုံမှန်ဇယားထဲ ကိုယ့်ကိုယ်ကို ပြန်မောင်းသွင်းရင်း ….မနက်ဖြန်သည် သည်နေ့ပင် ဖြစ်နေလိမ့်မည်ဆိုသည်ကို ဗေဒင်သွားမေးစရာ မလိုအောင် သေချာနေခဲ့သည်။

Popularity: 6%

Rating 3.00 out of 5

မြင်းလား ငန်းလား

Wednesday, June 17th, 2009

ဘာလိုလိုနဲ့ ပို့စ်မရေးဖြစ်တာ ကြာသွားပြန်ပြီ၊ ဘာအကြောင်းရေးရင် ကောင်းမလဲ စဉ်းစားရင်းနဲ့ လျှောက်ရေးနေမိပေါ့။ သူငယ်ချင်းကတော့ အားပေးရှာပါတယ်။ညီမင်းခ၊ လုပ်စမ်းပါ၊ ပို့စ်ကောင်းကောင်းလေးတွေ ရေးစမ်းပါ”တဲ့။

ပို့စ်ကောင်းကောင်းဖြစ်အောင်ဘယ်လိုရေးရမလဲ၊ နည်းပညာအကြောင်းရေးရ အောင်လည်း ကိုယ်က ဘာမှဟုတ်တိပတ်တိ တတ်တာမဟုတ်ဘူး၊ ရသစာပေ လိုမျိုးလည်း မရေးတတ်ဘူး၊ ဘာသာရေးအကြောင်းလည်း ရေးတဲ့လူကများ၊ ကျောင်းတုန်းက သူငယ်ချင်းတွေ အကြောင်း၊ ငယ်ရည်းစားအကြောင်းနဲ့ လက်ရှိ ရည်းစားတွေ အကြောင်းလည်း မရေးချင်၊ ဘာမှမထူး၊ စာအုပ်ထဲက စာတွေကိုလည်း ကူးမချချင်၊ ခက်တော့နေပေါ့၊ ၀မ်းစာခေါင်းပါးလိုက်တာလည်း လွန်ရောပဲ၊ သူများတွေ ဟောတစ်ပုဒ် ဟောတစ်ပုဒ် ရေးနေကြပေမယ့် ကိုယ့်မှာတော့ စာရေးမယ်လည်းလုပ်ရော တွေးထားတာတွေ ဘယ်က ဘယ်လိုပျောက်ကုန်မှန်းမသိဘူး၊ ဒီကြားထဲ “ကိုယ်ရေးတဲ့စာကို ဖတ်တဲ့လူ တွေအတွက် တစ်ခုခုတော့ ရစေချင်တယ်”လို့ ကြီးကြီးကျယ်ကျယ် တွေးမိသေး။

ဒီလို တောင်တွေးမြောက်တွေးနဲ့ လျှောက်ရေးနေရင်းက (more…)

Popularity: 9%

Rating 3.00 out of 5

ဘလော့ကို ဘယ်လောက်ထိ ရည်မှန်းထားလဲ

Friday, June 5th, 2009

ခေါင်းစီးက ခေါင်းစီးမဟုတ်ပါဘူး၊ တစ်နေ့က သူငယ်ချင်းတစ်ယောက်က မထင်မှတ်ပဲ ကျွန်တော့်ကို မေးလိုက်တဲ့မေးခွန်းပါ။ ဒီမေးခွန်းမျိုးကို ဘလော့ရေးနေတဲ့ ခင်ဗျားကို မေးမယ်ဆိုရင် ဘယ်လိုဖြေမလဲတော့ မသိဘူးပေါ့ဗျာ၊ ကျွန်တော်တော့ ရုတ်တရက် စကားလုံးရှာမရပဲ ကြောင်တောင်တောင် ဖြစ်သွားမိပါတယ်။ နောက်မှ “ရည်ရွယ်ချက်ရယ်လို့ မရှိပါဘူးဗျာ၊ ဒီလိုပဲ ရေးချင်ရာလျှောက်ရေးတာ ပေါ့ “လို့ ခပ်ပေါ့ပေါ့ ပြန်ပြောဖြစ် လိုက်ပါတယ်။ သူက “ရည်ရွယ်ချက် တစ်ခုခုနဲ့ လုပ်ရင် ပိုကောင်းမလားလို့ပါ” တဲ့။ ကျွန်တော် ခေါင်းခါရမလား……။ ခေါင်းညိတ်ရမလား……။ နောက်ဆုံးတော့ ခေါင်းညိတ်ပြလိုက်တယ်လို့ ထင်မိတာပဲ။

သူပြောသလိုမျိုး ဘလော့ကို ရည်ရွယ်ချက်တစ်ခုခုနဲ့လုပ်မယ် ဆိုပါတော့၊ ကျွန်တော် ဘာကို ရည်ရွယ်ရမလဲ၊ ဒီအခြေနေမှာရော ဘယ်လောက်ထိ ရည်ရွယ်နိုင်မလဲ၊ ခင်ဗျားမှာရော ဘလော့နဲ့ ပတ်သက်ပြီး ရည်ရွယ်ထားတာတွေရှိသလား၊ ရှိရင် ဘယ်လောက် အောင်မြင်နေပြီလဲ၊ ဘလော့ အပေါ်ထားတဲ့ ခင်ဗျားရဲ့ရည်ရွယ်ချက်က ခင်ဗျားဘ၀နဲ့ ဘယ်လောက်ထိ ဆက်နွယ်မှုရှိလဲ၊ ကျွန်တော် လျှောက်စဉ်းစား နေမိတယ်။

နောက်စဉ်းစားမိတာ ရှိသေးတယ်ဗျ၊ ကျွန်တော့်ဘလော့ကို လူရှိန်အောင် Title ကို “အိမ်မက်စိုက်ခင်း”လို့မပေးပဲ၊ တစ်ချို့ တွေလို ” Online writer association “(သို့မဟုတ်) “ရသစာပေ အနုပညာ ဘလော့” လို့ ပေးရင် ကောင်မလား …..၊ ဒါမှမဟုတ် “ဤဘလော့မှ စာများကို ခွင့်ပြုချက်မရပဲ မည်သည့်နေရာတွင်မှ ကူးယူသုံးစွဲခွင့်မပြု” (သို့မဟုတ်) “ဤဘလော့မှ စာများကို မည်သည့်နေရာတွင် မဆို အသုံးပြုနိုင်သည်” လို့ ခပ်တည်တည်နဲ့ ရေးထားရင်ကောင်းမလား။ အဲဒီလိုလဲ ရေးလို့က မဖြစ်သေးဘူး၊ ကိုယ်က ဘာမှဟုတ်တိပတ်တိ ရေးတာမဟုတ်သေးပဲနဲ့ ကိုယ့်ကိုယ်ကိုယ် ပစ္စလက်ခတ် အထင်ကြီးရာ ရောက်သွားမယ်။ နိုင်ငံရေးအကြောင်းလဲ မရေးရဲဘူးဗျာ၊ ဘလော့လောကမှာလည်း “အသားထဲကလောက်” တွေက အများသား မဟုတ်လားဗျ။

အင်း…ဘလော့ရေးသူ အမျိုးမျိုးရှိတာဆိုတော့ ရည်ရွယ်ချက်လည်း အမျိုးမျိုးပေါ့လေ။ လူဆိုတာကလည်း သူ့ဗီဇနဲ့သူ မှန်တယ်လို့ ထင်နေကြတဲ့ သတ္တ၀ါတွေချည်းပဲဟာ၊ ကိုယ့်လမ်းကိုယ်လျှောက်တယ် ဆိုပေမယ့် သူများကို အဆိပ်ခပ်ပြီးမှ ကိုယ့်လမ်းဖောက် တာမျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်တာပဲဗျာ။

Popularity: 17%

Rating 3.00 out of 5

ကတ်သီးကတ်သတ် တွေးတတ်သူများ

Tuesday, May 19th, 2009

ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ကတ်သီးကတ်သတ် တွေးတတ်သူတွေ အတွက် ကျွန်တော်လည်း ကတ်သီးကတ်သတ် ပြန်တွေးကြည့်တာပါ။

ငယ်ငယ်တုန်းက ကြားဖူးတာရှိတယ်။ “မင်းတုန်းမင်းကြိးကို သနားတယ်” တဲ့။ သူ့ခမျာ ရေခဲ့မုန့်တောင် မစားဖူးလိုက်ဘူး ဆိုပဲ။ (မင်းတုန်းမင်းကသာ ခင်ဗျားကို ပြန်သနားရင် သနားနေဦးမယ်) အခုလည်း လာပြန်ပြီ။ လက်ဘက်ရည်ဝိုင်းမှာ သူငယ်ချင်းတစ်ယောက် ထပြောတာက “နတ်ပြည် နတ်ပြည်နဲ့ ပြောနေကြတာ၊ နတ်ပြည်မှာ အင်တာနက်ရှိလား၊ ဂိမ်းရှိလား၊ ကားရှိလား၊ တိုက်တွေ ရှိလား၊ မီးလာတာ မလာတာတွေ မျှော်လင့်စရာရှိလား၊ နတ်ပြည်ကို ဘာလို့ သွားချင်ကြတာတုန်း၊ နတ်ပြည်မှာ တက်ပြီး ဒီတိုင်း တက်ထိုင်နေရရင် နတ်ပြည်ဆိုတာ ဘာအဓိပ္ပါယ်ရှိမှာလဲ” တဲ့။ ကဲ ခက်မနေဘူးလားဗျာ။ သူပြောတာလည်း ဟုတ်တုတ်တုတ်လို့ ရုတ်တရက် ထင်မိသား။ ခင်ဗျားတို့လည်း အဲဒီလိုပဲ တွေးမိမလားဘဲ။

တကယ်တော့ အဲဒီလို မဟုတ်ဘူးဗျ။ နတ်တွေရဲ့ ခံစားရာကို လူရဲ့ ခံစားရာလို သွားတွေးလို့မရဘူး။ ဖြန့်ထွက်တွေး ကြည့်တာလေ။ ဒီလောကမှာပေါ့ ကြွက်တွေ။ ပိုးဟပ်တွေ၊ ပုရွက်ဆိတ်တွေ ကွန်ပျူတာခန်းထဲမှာ ရှိရှိနေတတ်တယ်ဗျ။ ဒါပေမယ့် ဒီကောင်တွေ အင်တာနက်မသုံးရလို့ ကွန်ပျူတာ မကိုင်ရလို့ ဂိမ်းမဆော့ရလို့ စိတ်ညစ်နေတဲ့ကောင် တစ်ကောင်မှ မပါဘူး။ ကြိုးကို ကိုက်ဖြတ်မဲ့ကောင်နဲ့၊ ဆားကစ်လမ်းကြောင်းမှာ သေးပါချမဲ့ကောင်နဲ့ CPU လို ကတ်သီး ကတ်သတ်နေရာကို ၀င်မဲ့ကောင်နဲ့ ချည်းပဲ။ အင်တာနက် သုံးလိုက်အုံးမှ G-talk လိုက်ဦးမှ ဆိုတဲ့ ကောင် တစ်ကောင်မှ မပါဘူး။ ဒါပေမယ့် ဒီကောင်တွေ ကြိုးကို မကိုက်ရရင် ဆားကစ်လမ်းကြောင်းပေါ် သေးပေါက်မချရရင် ဟိုကြိုဒီကြားထဲ မ၀င်ရရင်တော့ တော်တော် စိတ်ညစ် တော်တော်ပျင်းမယ့် ကောင်တွေ ဖြစ်သွားရမှာ သေချာတယ်။

ဆိုလိုချင်တာက သတ္တ၀ါတွေဟာ ကိုယ်မတွေ့ဖူးတဲ့ အာရုံ၊ မသိဖူးတဲ့ အာရုံ၊ မခံစားဖူးတဲ့ အာရုံကို ဘယ်တော့မှ မတမ်းတဘူး ဆိုတာပါပဲ။ မင်းတုန်းမင်းခေတ်မှာ ရေခဲမုန့်မရှိဘူး။ ဒါကြောင့် မင်းတုန်းမင်း ရေခဲ့မုန့်ကို လုံးဝမတမ်းတခဲ့ဘူး။ နတ်ပြည်က နတ်သားတွေလည်း အင်တာနက်ကို ဂိမ်းကို ကွန်ပျူတာကို No , နိုးပဲ။ ခင်ဗျားက လူသားတစ်ယောက်ဖြစ်တဲ့ အတွက် နတ်တွေရဲ့ စိတ်ကို ဘယ်လိုမှ အစားထိုးပြီး မတွေးခေါ်နိုင် နတ်တွေရဲ့ လိုအင် နတ်တွေရဲ့ တပ်မက်မှုကို မသိနိုင်ပါဘူး။ ဒီတော့ ဒီလို နားလည်ရမယ်။ နတ်ဖြစ်ရင် နတ်ခံစားမှုပဲ ရှိမယ်။ လူဖြစ်ရင် လူခံစားမှုပဲ ရှိမယ်။ ကြွက်ဖြစ်ရင် ကြွက်ခံစားမှုပဲ ရှိမယ်။ အဲ ခွေးဖြစ်ရင်လည်း ခွေးခံစားမှုပဲ ရှိမယ်ဗျ။

ဒီလို ဒီလို။ ပုံပြင်လိုလို အတည်လိုလို ဟာသတစ်ခု ရှိတယ်။ မောင်ဝဏ္ဏ ရေးထားတာလေးပါ။ တစ်ခါက တဲ့။ တံတိုင်း တစ်ခုရဲ့ တစ်ဖက်စီမှာ ခွေးတစ်ကောင်စီရှိတယ်။ တစ်ဖက်က ခွေးက အေးဆေးပဲ စားလိုက်ရုံ အိပ်လိုက်ရုံပဲ။ တစ်ဖက်က ခွေးက အစာရှာလိုက်၊ မ၀ရေစာစားလိုက်၊ ဟိုဟိုဒီဒီ သွားလိုက်ပါပဲ။ ဒီလိုနဲ့ တစ်နေ့တော့ အေးအေးဆေးဆေးနေရတဲ့ ခွေးက တံတိုင်းတစ်ဖက်ကို ကူးလာပြီး နေခွင့်တောင်းသတဲ့။ ဟ ဘာတုန်း ဆိုတော့ “ ဟိုဘက်မှာ အစစ အရာရာ အဆင်ပြေတာတော့ ဟုတ်တယ်ကွ၊ ဒါပေမယ့် ငါ အဲဒီမှာ မဟောင်ရဘူးကွာ၊ ခွေးဖြစ်ပြီး မဟောင်ရတာလောက် အရသာမဲ့တာ ဒီလောကမှာ မရှိကို မရှိဘူးထင်ပါတယ်ကွာ” တဲ့။ ကဲ…။ နတ်ပြည်မှာ အင်တာနက် မရှိဘူး ဆိုသူတို့ရေ…။ ကတ်သီးကတ်သတ် တွေးကြည့်ဖြစ်တဲ့ အတွေးလေး တစ်ခုပါ။

Popularity: 13%

Rating 3.00 out of 5

Plugintaylor.com

Sponsored Listings